ပဲခူး ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ပဲခူးမြို့ပေါ်ရှိ ဆေးရုံဆေးပေးခန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲခူးမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းဘွားက ဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေးဆောင်ရွက်ရမည့် အချက်များနှင့် ဆေးရုံအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ မီးခလုပ်များ၊ ဆေးပစ္စည်းများထားသိုမှုနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသည့် နေရာများ၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်းစသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ပဲခူးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)