မိုးညိုမြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

မိုးညို ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက သာယာကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက မိုးကြိုကာလများတွင် လေပြင်းများတိုက်ခတ်ခြင်းကြောင့် အိုးအိမ်ပစ္စည်းများနှစ်စဉ် ပျက်စီးမှုများရှိခဲ့ကြောင်း၊ မိုးညိုမြို့နယ်သည်လည်း လေပြင်းဒဏ်ခံစားရသော ဒေသများထဲတွင် ပါဝင်သည့်အတွက် အိုးအိမ်များကို မွမ်းမံပြင်ဆင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်က အိုးအိမ်များ အားဖြည့်၊မွမ်းမံ၊ပြင်ဆင်ရန် ရွေးချယ်ရာတွင် အမှန်တကယ်ဆင်းရဲနွမ်းပါးပြီး ထိခိုက်ခံစားလွယ်သောအုပ်စုများ၌ နေထိုင်သောနေအိမ်များအား ဦးစားပေးရွေးချယ်ခဲ့ကြောင်း၊ မိုးကြိုကာလ၌ လေပြင်းများတိုက်ခတ်နိုင်ပါသဖြင့် နေအိမ်များအား ကြိုတင်ပြုပြင်ရန်လိုအပ်သည့်အတွက် ယခုလိုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး‌ အိမ်ဆောက်ပစ္စည်းများအားထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအဖွဲ့၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သာယာကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအတွင်းရှိ နေအိမ်များအား အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအား‌ပေးခဲ့သည်။

မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၂၅) ရွာရှိ အိမ်ခြေအလုံး (၅၀၀) အား လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိ‌သော အိုးအိမ်များဖြစ်‌စေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)