ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လူနာ ၃ ဦး ဆေးရုံမှ ဆင်းခွင့်ရ

ပေါင်းတည်    အောက်တိုဘာ     ၃၀

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူ  ဘုရားငါးဆူကျေးရွာမှ လူနာ အမျိုးသမီး ၁ ဦး သဖန်းပင်ဆိပ်ကျေးရွာမှ လူနာအမျိုးသမီး၁ဦး နှင့် မီးရထားဝန်းမှ အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦး တို့သည် သတ်မှတ်ထားသော ဆေးရုံတက်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း သိရသည် ။

လူနာများအား မိမိတို့အိမ်တွင်လိုက်နာရမည့်စည်းကမ်းများကို အသေးစိတ်ရှင်းပြပေးခဲ့ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ဖတ်ကြား၍ ဆေးရုံဆင်းခွင့် လက်မှတ်နှင့်စည်းကမ်းချက် စာရွက်အား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းကပေးအပ်ခဲ့သည် ။

၎င်းဆေးရုံမှဆင်းခွင့်ရရှိသူ ၃ ဦးသည် မိမိတို့ နေအိမ်များတွင် Home Quarantine ခုနှစ်ပတ် ဆက်လက် နေထိုင်ရမည် ဖြစ်ကြောင်းသိရှိရပြီး ဆေးရုံတွင် ကျန်ရှိသော အတည်ပြုလူနာ(၇)ဦး၏  ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)