ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာ အကြီးအကဲများသည် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီးတာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၈၆)၊ အိုးထိမ်းကုန်းကွင်းအတွင်းရှိတောင်သူ ဦးမျိုးမင်းသိန်း၏ နွေစပါး (ထိုင်းကောက်နှံ၊ ဗီယက်နမ်ရက်- ၉၀) ဧက (၄၀) စာ ပျိုးဗန်းဖြင့် ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၂၀A၊ ၄၂၀B) အင်ကြင်းစင်ကွင်းအတွင်းရှိ ဧက (၁၀၀) စံပြကွက်၌ နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု ကွင်းအမှတ် (၄၀၈) ရွာဟောင်းကွင်းရှိ တောင်သူ ဦးကျော်ဇောဦး၏ လယ်မြေ (၈) ဧကတွင် နွေစပါး (ဆာဖိုးသာ) မျိုးများ လက်ဆွဲကောက်စိုက်စက်ကိရိယာဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် သွင်းအားစုနှင့် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရေးများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)