နတ်မောက် ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက နတ်မောက်မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထား လိုက်နာဆောင်ရွက်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးဌေးမော်နှင့် ဒုတိယဦးစီးမှူးက တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအား မီးငြှိမ်းသတ်ပစ္စည်းများအား အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သည့် ရေပြင်၊ မြေပြင်၊ အထပ်မြင့်အဆောက်အဦးနှင့် ယာဉ်မတော်တဆဖြစ်မှုများတွင် အသက်ကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာများအား သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပေးခဲ့သည်။ အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း