မင်းဘူး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ စည်ပင်သာယာမြို့မဈေးကြီး၌ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်နှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းတို့က မြို့မဈေးကြီးအတွင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သိကောင်းစရာ ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီးနောက် ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဥ်ကို ဆောင်ရွက်ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာဈေး တာဝန်ရှိသူများက မိမိတို့ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်စေရန် လက်တွေ့သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြဆောင်ရွက်နေမှုကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဈေးရောင်း/ဈေးဝယ်များနှင့် ဈေးအနီးရှိ ဒေသခံများက လာရောက်ကြည့်ရှုအားပေးပြီး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)