ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် နေ့စဉ် ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂

ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်အတွက် နေ့/ညမပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၆ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် ဈေးလုံခြုံမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးမီးဘေးလုံခြုံရေးအတွက် ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ဈေးဆိုင်ခန်းအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ်သက်ပြီး စနစ်တကျ တပ်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများ ရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးမီးဘေးလုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။  

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက်စည်ပင်သာယာဈေးများကို ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့် အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)