ဟင်္သာတမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော၊ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဟင်္သာတ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိ ရွှေခြင်္သေ့ စက်သုံးဆီဆိုင်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန၊ ယာယီခရိုင်မှူးဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် ဟင်္သာတမြို့နယ် မီးသတ်စခန်းတာဝန်ခံ ဒုဦးစီးမှူး ဦးတင်မောင်ထွေးတို့မှ မီးဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် ပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာ‌စောင်များ ပေးဝေခဲ့ကြသည်။

ထို့နောက် မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်မှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များရှိ ဆီသိုလှောင်ကန်များ၊ ဆီသည်ယာဥ်များ မီးလောင်မှူဖြစ်ပွားပါက လျှင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်သို့ မီးမကူးစက်နိုင်ရန်အတွက် အအေးပေးစနစ်ဖြင့် အပူရှိန်လျော့ချခြင်း၊ Foam ဆေးအသုံးပြု၍ လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို ပူပေါင်းအဖွဲ့ဖြင့်အရုပ်ပြ ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာန ယာယီခရိုင်မှူး ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုဦးစီးမှူးဦးတင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်စက်သုံးဆီဆိုင်များမှ ဝန်ထမ်းများ၊ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဟင်္သာတခရိုင်နှင့် မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိစျေးများ၊ ကျောင်းများ၊ ဟော်တယ်တည်းခိုခန်းများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိကအဆောက်ဦများ၊ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူပေါင်းအဖွဲ့များဖြင့် နေ့စဥ်လိုက်လံ စစ်ဆေးအကြံပြု သတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)