မြို့သစ် ဖေဖေါ်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့ပေါ်ရှိ ဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့မှ ပူးပေါင်း၍ အခြေခံစားကုန်စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့မဈေးအပြင်ဘက်၊ စာတိုက်လမ်း၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် တုံကင်လက်မှတ်များရယူ၍ ကာလပေါက်ဈေးထက် ဈေးနှုန်းလျှော့ချကာ စားသုံးဆီ တစ်ပိသာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်" မင်းရပ်ကွက်၊ လယ်ပြင်ရပ်ကွက်၊ စျေးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်တို့မှ အိမ်ထောင်စု (၅၅၀)စုအား တစ်အိမ်ထောင်လျှင် စားအုန်းဆီ တစ်ပိသာနှုန်းဖြင့် စုစုပေါင်းစားသုံးဆီ ပိဿာ (၅၅၀) ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါစားအုန်းဆီရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)