ပွင့်ဖြူ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေပေးဝေမည့်အခြေအနေနှင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဒေသခံတောင်သူများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတဆင့် လယ်ယာမြေစိုက်ခင်းများအရောက် နှစ်စဉ်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိပြီး ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် စိုက်ပျိုးရေဖြန့်ဝေပေးခြင်းကို ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝရရှိစေရန် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် စိုက်ပျိုးရေးဖြန့်ဝေပေးခြင်းကို တောင်သူတွေ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးရေဖြန့်ဝေပေးမှုနဲ့ပတ်သက်ပြီး လယ်ယာလုပ်ငန်းခွင် ကြိုတင်ပြင်ဆင်နိုင်ဖို့၊ စိုက်ပျိုးရေကို အကျိုးရှိရှိသုံးစွဲကြဖို့နဲ့ စိုက်ပျိုးရေရယူသုံးစွဲရာမှာ ဆင်ခြင်သတိပြုရမည့်အချက်တွေကို တောင်သူတွေသိရှိစေရန်အတွက် အသိပေးဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ စိုက်ပျိုးရေဖြန့်ဝေပေးမည့် ရက်ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့ကစပြီး ဇွန်လ(၁၆)ရက်နေ့အထိ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ်က နွေစပါးအတွက် မြောက်မုန်းမြောင်းမကြီးမှတစ်ဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ပြီး၊ နွေနှမ်းနဲ့အခြားနွေသီးနှံအတွက်က တောင်မုန်းမြောင်းမကြီးမှ တစ်ဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ပြီး မတ်လ(၇)ရက်နေ့မှ စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါးဧက ၃၁၂၈၇ ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေနှမ်း ၃၇၃၄၈ ဧက၊ စုစုပေါင်းနွေသီးနှံ စိုက်ဧက ၆၈၆၃၅ ဧက စိုက်ပျိုးရန် လျာထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ နွေသီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)