ဝါးခယ်မ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၈)နာရီအချိန်က ဘုရားကြီး၏ သံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးပွဲသို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားကြီးဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ရာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဩဝါဒဆရာ တော်ကြီးများထံမှ (၅)ပါးသီလခံယူဆောက်တည်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ သာသနာရေးဆိုင်ရာများအား လျှောက်ထားခြင်း၊ ဘက်စုံကော်မတီဥက္ကဋ္ဌ ဦးသန်းရှိန်မှ လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ ဆရာတော်ကြီးများမှ ဩဝါဒကထာမြွက်ကြားခြင်း၊ တက်ရောက်လာသော လုပ်ငန်းခွဲကော်မတီဝင်များမှ ဆောင်ရွက်မည့်လုပ်ငန်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိတ္တတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)