ငဖဲ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူစိစစ်ခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စည်သာကျေးရွာသို့ သွားရောက်၍ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဝန်ထမ်းများက စာသင်ကျောင်းနှင့် ကျေးရွာအုပ်စုများအလိုက် နေရာခွဲကာ ကျောင်းသား/သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များ၊ ကျေးရွာနေပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်း၊ လိုအပ်သည့် ဓါတ်ပုံရိုက်ကူးရယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး Database တွင် သိမ်းဆည်းကာ မတူညီသောဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့သည်။
ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းလုပ်ငန်းများကို အင်တာနက်လိုင်း ကောင်းမွန်သည့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စုစည်း၍ အသက်(၁၀)နှစ်အထက်ရှိသူများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့မှစတင်၍ ပြည်သူ(၈၈၉၅)ဦး ကောက်ယူရန် လျာထားဆောင်ရွက်ခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ပြည်သူ(၁၅၄၄၃)ဦး၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)