အိမ်မဲ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလောက်သိုက်ကျေးရွာ အ.ထ.က(ခွဲ) ခလောက်သိုက်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်( ၁ဝ)နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း(၄)မျိုးအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ၊ မြို့နယ် လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူးတို့နှင့်အတူ အ.ထ.က (ခွဲ) ခလောက်သိုက် (Grade-10)ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစားအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့၍ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)