မြောင်းမြ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲများကို မြောင်းမြခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ဖြူဖြူဝင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သူထက်တို့က အခြေခံပညာ အထက်တန်းကျောင်းများတွင် Grade 9 အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ မွေးမြူရေးအတတ်ပညာများနှင့် စက်မှုအတတ်ပညာများ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရယူနိုင်ရေးအတွက် အသိပညာပေးဟောပြောပြီး ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပါသည်။
အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ သင်ယူခွင့်ရရှိနိုင်စေရေးအတွက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀)ခရိုင်ရှိ မြို့နယ်(၅၁)မြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်း (၅၁)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်(၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၃၄)ကျောင်း ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွေးမြူရေးဘာသာအထူးပြုတွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်များအပြင် မွေးမြူရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး (၃)နှစ် တက်ရောက်သင်ကြားမှုအပေါ် အကဲဖြတ်၍ အထူးအောင်၊ အဆင့်မီအောင်၊ ရိုးရိုးအောင်ဟူ၍ ခွဲခြားသတ်မှတ်ပြီး တိရစ္ဆာန်ဆေးပညာဘွဲ့၊ မွေးမြူရေးဒီပလိုမာ၊ ငါးလုပ်ငန်းဒီပလိုမာ ပညာများဆက်လက်သင်ယူနိုင်ခြင်းနှင့် အလုပ်အကိုင်များ ရရှိစေနိုင်ခြင်း အခွင့်အလမ်းကောင်းများ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
စက်မှုအထူးပြုဘာသာရပ်တွင် တက်ရောက်သင်ကြားမှုအပေါ် အကဲဖြတ်၍ နည်းပညာတက္ကသိုလ် (အင်ဂျင်နီယာဘွဲ့)၊ အစိုးရနည်းပညာကောလိပ် (နည်းပညာဘွဲ့)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်ဂျင်နီယာနည်းပညာ ဒီပလိုမာ)များကို ဆက်လက်သင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများက ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘများတက်ရောက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)