မကွေး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဦးဆောင်မှုဖြင့် မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းရှိ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီ တိုက်ရိုက်ရောင်းချဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့နှင့်ပူးပေါင်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ (၁)ပိဿာ (၅၀ဝဝိ/-)ကျပ်နှုန်းဖြင့် မကွေးမြို့ ဈေးလယ်စိုးရပ်ကွက် မြို့မဈေး၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ကန်သာရပ်ကွက် ကန်သာဈေးရှေ့၊ အောင်မေတ္တာရပ်ကွက် သုခိတာလမ်းနှင့် ဗိုလ်လင်္ကျာလမ်းထောင့်၊ အောင်ရတနာရပ်ကွက် ရန်ပယ်ဈေးရှေ့၊ သိင်္ဂါဂီရိရပ်ကွက် မင်္ဂလာဈေးရှေ့တို့တွင် ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး၊ သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာ စနစ်တကျ ရောင်းချစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်ကာ ရောင်းချပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စီစဉ်ရောင်းချပေးခြင်းဖြစ်ပြီး၊ ပြင်ပသို့ ပြန်လည်ရောင်းချခြင်း မပြုစေလိုကြောင်း၊ သက်သာသော ဈေးများဖြင့် ရပ်ကွက်အသီးသီးမှာ ဆက်လက်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အားပေးစကားများလည်း ပြောကြားခဲ့သည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းချိတ်ဆက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျ ရောင်းချဆောင်ရွက်ပေးလျက်ရှိပြီး၊ နေ့စဉ်လူမှုစီးပွားဘဝ အထောက်အပံ့ဖြစ်စေရေး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များကိုလည်း ဆက်လက်ရောင်းချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်ညီညာ