စစ်ကိုင်းမြို့တွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက မြို့နယ် အတွင်းရှိ တောင်သူများကိုဖိတ်ခေါ်၍ ရာသီပေါ်သီနှံများ စိုက်ပျိုးကြသည့်အခါ အချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် နည်းပညာများ ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း၊ စတင်စိုက်ပျိုးရာတွင် မျိုးကောင်း/ မျိုးသန့်များ ရွေးချယ်ပြီး စိုက်ပျိုးသွားကြဖို့လိုကြောင်း၊ မြေဩဇာများ အသုံးပြုရာတွင်လည်း သဘာဝမြေဩဇာ များကို ဦးစားပေးအသုံးပြု၍ ဆောင်ရွက်သွားကြစေလိုကြောင်း၊ စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းချိန်အထိ သီးနှံမျိုးစုံအတွက် အလေအလွင့်မရှိအောင် ဆောင်ရွက်နိုင်ရေး နည်းပညာများ ပေးသွားမှာဖြစ်ကြောင်း တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် စိတ်ဝင်စားစွာ လေ့လာမှတ်သားပြီး လက်တွေ့ဆောင်ရွက်သွားကြပါလို့ မှာကြားလိုကြောင်း၊ အခက်အခဲများရှိပါက လည်း မိမိတို့ရဲ့ တိုက်/နယ် စိုက်ပညာရှင်များမှတဆင့် ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်ချိတ်ဆက်ကာ ဆွေးနွေးတင်ပြ သွားကြစေလိုကြောင်း ပြောကြားကာ တောင်သူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။

 စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာတောင်သူများ စိုက်ပျိုးရေးကဏ္ဍများတွင် အထွက်နှုန်းတိုးတက်စေရေး၊ စိုက်ပျိုးရေးဖြင့် မိမိတို့မိသားစု စားဝတ်နေရေး အဆင်ပြေစေရေးအတွက် စိုက်ပျိုးကြရာတွင် လိုအပ်သည့် နည်းပညာများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

  ဇော်မြင့်နိုင်(ပြန်/ဆက်)