ပေါင်းတည်၌ ဆောင်းသီးနှံ ဆီထွက်သီးနှံစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်စွာ ထုတ်လုပ်လျက်ရှိ

ပေါင်းတည် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံပြည့်စုံရေးနှင့် ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရေးတို့အတွက် ဆောင်းသီးနှံ ဆီထွက်သီးနှံဖြစ်ထွန်းအောင်မြင်ရေးကို ဂရုတစိုက်အလေးထားစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ၌ နှမ်း ၇၇၁၈ ဧက၊မြေပဲ ၅၁၄၃ ဧက၊ နေကြာ ၄၆၅၉ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှ သိရပြီး မျိုးကောင်းမျိုးသန့် ဆင်းရွှေကြာနေကြာမျိုးစေ့များနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များကို တောင်သူများသို့ စိုက်ပျိုးဦးစီးဌာနက ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ဆင်းနေကြာများကို မကြာမီရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)