(၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၁

ကရင်ပြည်နယ်အစိုးရအဖွဲ့(၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် အထောက် အကူပြုလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီး ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဌာနဆိုင်ရာများမှ မီးပုံးပျံများ လွှတ်တင်နိုင်ရေးနှင့် သက်ဆိုင်ရာပြိုင်ပွဲဝင် အသင်း/အဖွဲ့များ ကြိုတင်ပြင် ဆင်ထားနိုင်ရေး၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် စည်စည်ကားကားကျင်းပနိုင်ရေး သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ အလိုက် ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများက ယခင်နှစ်ပြိုင်ပွဲဝင်ထမနဲအဖွဲ့ ၄၉ ဖွဲ့ထက် ပိုမိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အကဲဖြတ် အမှတ်ပေးဆုရွေးချယ်နိုင်ရေး၊ ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊ စာရင်းစစ်ဆေးနိုင်ရေး အစရှိသည့် ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်မည့် ကရင် ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များမှဖျော်ဖြေတင်ဆက်ကပြသည့် အခမ်းအနားကို မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျ ရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက တိုင်းဒေသကြီး(၁)ခုနှင့်ပြည်နယ်(၇)ခုတို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုသုခုမအနုပညာရှင်များ ပေါင်းစပ်ပြီး ပြည်ထောင်စုနေ့ကျင်းပရေးဦးတည်ချက်များနှင့်အညီ သရုပ်ဖော်တင်ဆက်သွားမည် ဖြစ်ကြောင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုအက၊ တူရိယာများရှိကြပြီး မိမိယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်၍ ခေတ်နှင့်အညီ မြှင့်တင်ခြင်းတို့ရှိကြရာ ကရင်ရိုးရာဒုံးအကကို မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းသင်ကြားပေးပြီး တိမ်ကောပပျောက်မှုမဖြစ်ရလေအောင် လက်ဆင့်ကမ်းဖော်ထုတ်ထိန်းသိမ်းကြစေလိုကြောင်း၊ ပြည်ထောင်စုနေ့ဦးတည်ချက် များနှင့်အညီ တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကိုဖော်ထုတ်ပြသရာတွင် ကရင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စား လှယ်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရပြီး ဒုံးအကအလှများကို ရိုးရာမပျက်ဆန်းသစ်တီထွင် ဖော်ထုတ်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် သိန်း(၂၀)ကို ချီးမြှင့်ပေးအပ်ပြီး ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့မှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု ညစာစားပွဲအခမ်းအနားတွင် တင်ဆက်မည့် မျက်မှောက်ခေတ် ကရင်ရိုးရာဒုံးအက အပါအဝင် ကိုလိုနီခေတ်ဒုံးအက၊ ရဓနာဆုတောင်းတေးသီချင်း၊ ဆယ့်နှစ်လ ရာသီဒုံးအကတို့နှင့် ကရင်တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်ကိုယ်စားပြုယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကရင်ပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အား တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)