ကသာမြို့တွင် မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

ကသာ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် (၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များနှင့်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ နီးစပ်ရာ ဆေးထိုးစုရပ်များတွင်  ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းဖြင့် အသည်းရောင်အသားဝါ၊ ဆုံစို့၊ ကြက်ညှာ၊ ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုစသည့် ရောဂါများအား ကာကွယ်ဆေးကို လစဉ်(၁)ရက်နေ့မှ လဆန်း(၂)ရက်နေ့အထိ ထိုးနှံပေးကြောင်း ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)