ချောက်မြို့ အစိုးရစက်မှု၊ လက်မှု သိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ချောက် ဖေဖော်ဝါရီ ၁

မ​ကွေးတိုင်း​​ဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက​ချောက်မြို့ အစိုးရစက်မှု၊ လက်မှု သိပ္ပံကျောင်းခန်းမတွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်းနှင့် ​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ ဖိတ်​ကြားထားသူများ၊ ချောက်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း၊ ​ဒုတိယ​ကျောင်းအုပ်ဆရာကြီး ဦးညိုချောနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချောက်မြို့နယ်အတွင်း လူငယ်စကားဝိုင်း​ဆောင်ရွက်ခဲ့​ပြီးသည့် လှုပ်ရှားမှုပုံရိပ်များအား ပရိုဂျက်တာ (Projector)ဖြင့် ပြသခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေး​နွေးပွဲတွင် ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးသူများအဖြစ် ချောက်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းမှ 2nd Year EP မှ မဟန်နီဝင်း၊ 2nd Year Cival မှ မပန်းမြတ်ဖြူ၊ 2nd Year Mechanical မှ မဆုလဲ့ရည်၊ 2nd Year EC မှ မချမ်းချမ်းကျော်၊​တို့က “လူငယ်နှင့်မူးယစ်ဆေး”၊ “လူငယ်နှင့်​ပညာရေး”၊ "လူငယ်နှင့်ကျန်းမာရေး"၊ “လူငယ်နှင့်အားကစား” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့​ကြသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းမှုအ​ပေါ် ​သက်ဆိုင်ရာ​ခေါင်းစဥ်အလိုက် ဆွေး​နွေးသူများက ပြန်လည်​ဖြေကြားခဲ့သည်။

ထို့နောက် အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း၊ ​ဒုတိယ​ကျောင်းအုပ်ဆရာကြီး ဦးညိုချောက ကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေး​နွေးခဲ့သည့် ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ  အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်း(ချောက်)အတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)