ပေါက်ခေါင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်အခြားနွေသီးနှံစုံဧက တစ်သောင်းငါးထောင်ကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တောင်နဝင်းရေလှောင်တမံမှဆည်ရေများကို သက်ဆိုင်ရာမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများသို့ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်၍ စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်တောင်နဝင်းရေလှောင်တမံမှ ဆည်ရေများကိုဒေသခံတောင်သူများ၏သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်နဝင်းမြောင်းမကြီးမှတစ်ဆင့် PK-1,PK-2 စသည့် မြောင်းလက်တံခွဲများမှ စိုက်ပျိုးရေလုံလောက်စွာ စနစ်တကျဖြန့်ဝေပေးလျက်ရှိရာ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခု၂၀၂၄ ခုနှစ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နွေးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် ကြိုးစားစိုက်ပျိုးလျက်ရှိရာ နွေစပါးစိုက်ပျိုးမည့် ကျေးရွာအုပ်စု ၂၁ အုပ်စုရှိတောင်သူများမှ နွေစပါးဧက ၁၁၃၄၄ ဧကကိုလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် နွေနှမ်းနှင့် အခြားသီးနှံများကိုလည်း လျာထားချက်များအတိုင်း စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ နွေသီးနှံလျာထားစိုက်ဧက ပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်၊ တောင်သူအသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးကိုသာ အဓိကထားစိုက်ပျိုးထုတ်လုပ်ကြပြီး နွေစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် စတင်စိုက်ပျိုးသည့် ကာလမှစ၍ မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)