မင်းဘူး ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသခံပြည်သူများအား စားအုန်းဆီရောင်းချပေးနေမှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်စာရင်းများ ကောက်ယူနိုင်ရေး အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့မဈေး ကုလားကုန်းမီးပွိုင့်အနီး၌ ဒေသခံပြည်သူများ စားသုံးဆီကို အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် တစ်ဦးလျှင် တစ်ပိဿာနှုန်း၊ စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပိဿာချိန်ပေါင်း ၅၅၀ ကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ မင်းဘူးမြို့ရှိ ဆီလုပ်ငန်းရှင်များအသင်းက နေ့စဉ်အလှည့်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက မင်းဘူးဦးဩဘာသမြို့နယ်ခန်းမ၌ အသက်(၅၀)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Pefizer ထပ်စောင်းကာကွယ်ဆေး(Booster Doase)ထိုးနှံပေးနေမှုနှင့် မှတ်တမ်းရေးသွင်းနေမှုများကို ကြည့်ရှုအားပေးကာ ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများအတွက် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထားလက်မှတ် ထုတ်ပေးရေးနှင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်ပြီး မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်အတွင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဝန်ထမ်းများဦးဆောင်ပြီး ၂၀၂၄ ခုနှစ်၊ အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်ကြီး (၇)ရပ်ကွက်ကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)