ပွင့်ဖြူ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ပညာရေးကဏ္ဍသည် အဓိကဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် မိမိတို့မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးခြင်းဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ အထူးအားပေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးက ၂၀၂၄ ခုနှစ်တွင် ဖြေဆိုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့်အောင်ချက်မြင့်မားရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်အောင်ချက်မြင့်မားရေးကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံများ၊ အထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် အောင်ချက်မြင့်မားရေးလုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )