ငဖဲ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ကျောင်းတွင်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးအရာရှိ ဦးပွားမောင်က ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများအဖွဲ့(၂)ဖွဲ့ခွဲကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကျောင်းတွင်းရပ်ကွက်တွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြု၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက်တွင် ကောက်ကွက်ပေါင်း (၇)ကွက်အား ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယနေ့ထိ ကောက်ကွက် ၄ ကွက်ပြီးစီးပြီး လူနေအဆောက်အအုံ (၅၈၄)ခု၊ လူမနေ အဆောက်အအုံ (၈၉ )ခု အိမ်ထောင်စု(၅၈၃)စု၊ ကျား(၉၆၀)၊ မ(၁၂၂၁) စုစုပေါင်း(၂၁၈၁)ဦး မှတ်တမ်းတင်ဆောင်ရွက် ပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိသည့်လုပ်ငန်းများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)