စေတုတ္တရာမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

စေတုတ္တရာ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မီးသတ်ဦးစီးဌာန၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိရာ ပန်းခြံရှေ့တွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှိန်မင်းထက် ဦးဆောင်၍ ဒုတိယဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များ၊ မီးသတိမူရေး အသိပညာပေးပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်းပြသခြင်း၊ အရေးပေါ်မီး‌လောင်မှုဖြစ်ပွားပါက ဆီမီးငြှိမ်းသတ်ရေးနည်းလမ်းများကို လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ရှိအမှတ်(၁)၊ (၂)ရပ်ကွက်တာဝန်ရှိသူများ၊ အကျိုးတော်ဆောင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက တက်ရောက်လာသူများနှင့် လမ်းမတွင် ဖြတ်သန်းသွားလာနေကြသော အများပြည်သူများအား မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး‌ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)