ညောင်လေးပင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များမီးဘေးလုံခြုံရေးအတွက် ယမန်နေ့ကညောင်လေးပင်မြို့ပေါ် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုဌေးကဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့်  ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြှိမ်းသတ်ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့်နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့်မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိ​​ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်