ခန္တီးမြို့နယ် ဆင်သေကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

ခန္တီး    အောက်တိုဘာ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးဖိုမီးကြွင်း မီးကျန်မှ တစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးလောင်မှုဖြစ်ပွားကြောင်း ဆင်သေနယ်မြေမီးသတ်စခန်းမှ ဖုန်းဆက်သတင်း ပို့မှုဖြင့် ခန္တီးမြို့နယ် မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးပြည့်စုံအောင် ဦးဆောင်၍ မီးငြှိမ်း သတ်ယာဉ်တစ်စီး၊ ရေသည်ယာဉ်တစ်စီးနှင့် ဆင်သေနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်တစ်စီး စုစုပေါင်း မီးသတ်ယာဉ်သုံးစီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ပြည်သူများပူးပေါင်း၍ ညနေ ၆ နာရီ ၄ မိနစ် အချိန်ခန့်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 

မီးလောင်ကျွမ်းမှုကြောင့် ရုံးရွက်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တစ်လုံးနှင့် သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်တစ် လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဒုတိယဦးစီးမှူး ဦးပြည့်စုံအောင်ထံမှ သိရသည်။

စနေမောင်မောင်(ခန္တီး)