ပန်းတောင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲ အခမ်းအနားများကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်၍ အ.ထ.က(ပန်းတောင်း)၊ အ.ထ.က(ဆင်တဲ)နှင့် အ.ထ.က(ခွဲ)ကပစ(၃)ကျောင်းများရှိ ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပန်းတောင်းမြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများက အလယ်တန်းအဆင့်အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ ပညာဆက်လက်သင်ယူနိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် Grade-9 အောင်မြင်ပြီးပါက အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးသင်တန်းကျောင်းသို့တက်ရောက်ပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာအထူးပြု သင်ယူသူများအတွက် သင်ကြားပေးနေမှုပုံစံများ၊ သင်ယူပြီးမြောက်ပြီး အထူးအောင်၊ အဆင့်မီအောင်မြင်သူတို့အတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မှုများနှင့် ရိုးရိုးအောင်မြင်သူတို့အတွက် ရရှိမည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်နှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများစသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)