ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနေကြာစိုက်ပျိုးမှု(၇၁၆၃)ဧက လျာထားစိုက်ပျိုးနိုင်

ဖြူး ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများစိုက်ပျိုးလျက်ရှိရာ ယခုနှစ်​ဆောင်းနေကြာ(၇၁၆၃)ဧက လျာထားစိုက်ပျိုးနိုင်ပြီး သီးသန့်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးထားကြောင်းသိရသည်။

ဖြူးမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးထားမှုမှာ မိုးစပါးစိုက်ပျိုးအပြီး သီးသန့်စိုက်ပျိုးမှု(၅၀၀)ဧက၊ မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ သီးညှပ်စိုက်ပျိုးမှု(၆၆၆၃)ဧက၊ စိုက်ပျိုးထားခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးထားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ စိုက်နည်းစနစ်အတိုင်း မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးရာမှာ တစ်ဧက အထွက်နှုန်းကောင်းတယ်ဆိုတဲ့ ဆင်းရွှေကြာ၊ ရေဆင်း-၁ စပ်မျိုးနေကြာမျိုးတွေစိုက်ပျိုးပါတယ်။ စိုက်နည်းစနစ်အတိုင်း အစိုဓာတ်ကိုမီအောင် ထွန်ရေးနက်နက် ညက်ညက်နဲ့  တစ်ပေခွဲ ကိုးလက်မ ပင်ကြားတန်းကြား စိုက်ပျိုးကြပါတယ်။ အထွက်နှုန်းကောင်းမှုမကောင်းမှုကတော့ ရာသီဥတုနဲ့ ရေလိုအပ်ချက်အပေါ်မှာမူတည်ပါတယ် ရိတ်သိမ်းချိန်မှပဲ သိရမှာပါပဲ" ဟု နေကြာစိုက်တောင်သူဦး​​မြင့်ဝင်းထံမှသိရသည်။

ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရာမှာ မတ်ပဲ၊ ပဲတီစိမ်းပဲစိုက်ခင်းများကြားတွင် သီးညှပ်စိုက်ခြင်းဖြင့်နှစ်သီးစားဖြစ်ပြီး တစ်ဧကဝင်ငွေတိုး၍ သီးသန့်စိုက်ပျိုးရာမှာ တစ်ဧကတင်း(၄၀)ခန့်ထွက်ရှိနိုင်ကြောင်းနှင့် နေကြာဆီထွက်သီးနှံမှာအခြားဆီထွက်သီးနှံများထက် ဝင်ငွေရရှိမှုနည်းသော်လည်း ပြုပြင်ရလွယ်ကူခြင်း၊ ဆောင်းပဲသီးနှံများနှင့်တွဲစိုက်ပျိုးနိုင်ခြင်းစသည့် အားသာချက်များရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)