တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၃၁)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေး မူဝါဒနှင့်အညီ အမျိုးသားကျန်းမာရေးစီမံကိန်း၊ ကျေးလက်ကျန်းမာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ မြန်မာ့ ကျန်းမာရေးဆိုင်ရာ မျှော်မှန်းချက်နှစ်(၃၀)နှစ် ရှည်စီမံကိန်းတို့ကို စနစ်တကျရေးဆွဲပြီး နယ်စပ်ဒေသကျေးလက် အစွန်အဖျားအပါအဝင် တစ်နိုင်ငံလုံးကိုကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြု-သားဖွားဆရာမများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို နှစ်စဉ်တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သူနာပြုမောင်မယ်သစ်လွင်များအား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ သူနာပြုသစ်လွင်မောင်မယ်အများနေဖြင့် သူနာပြု-သားဖွားဒီပလိုမာအဖြစ် ရောင့်ရဲတင်းတိမ်မနေဘဲ အဆင့်မြင့်သူနာပြုဘွဲ့များကို တက်လှမ်းသင်ကြားနိုင်ရန် ကြိုးစားစေလိုကြောင်း၊ မောင်မယ်သစ်လွင်သင်တန်း သား၊ သင်တန်းသူများ လိုက်နာရမည့်သူနာပြုကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရန်၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာဆက်ဆံကြရန်၊ အခြေခံသူနာပြုစုမှု အတတ်ပညာများဖြင့် ပြည်သူများကို ကျွမ်းကျင်စွာပြုစုပေးနိုင်သော မှန်ကန်သော Mindset ရှိသည့် သူနာပြုကောင်းများဖြစ်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်ဆောင်၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၏ ကောင်းသတင်းနှင့် အစဉ်အလာကောင်းများကို မိမိတို့ကိုယ်တိုင်ထိန်းသိမ်းပြီး နောင်လာမည့်မျိုးဆက်သစ်သူနာပြုများထံ လက်ဆင့်ကမ်းနိုင်အောင်ကြိုးစားကြရန်လိုအပ်ကြောင်း၊ စစ်မှန်သောမျိုးချစ်စိတ်ကိုအခြေခံပြီး  စည်းလုံးညီညွတ်စွာဖြင့် ပြည်သူ့လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ အတွေးအခေါ်မှန်ကန်မျှတအောင် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပြီး နိုင်ငံတော်၏ သားကောင်း၊သမီးကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး၊ ကုသရေးဦးစီးမှူး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံဥက္ကဋ္ဌ)ဒေါက်တာအောင်ငွေစံက အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ အပတ်စဉ်(၃၁)၊ ပထမနှစ် သူနာပြုသင်တန်းသား/သင်တန်းသူ မောင်မယ်သစ်လွင် (၇၁)ဦးက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ မောင်မယ်သစ်လွင်များအားလုံး၏ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မောင်မယ်သစ်လွင်သင်တန်းသား/သူများက တေးသီချင်းအကများဖြင့် သီဆိုဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်အား ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က လက်ခံယူခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)