အထက်မင်းလှ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန်၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လုံခြုံရေးဆောင်ရွက်မည့် ကိစ္စရပ်များ၊ သီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)