အထက်မင်းလှ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးဂရုပြုဆောင်ရွက်ရန်၊ လုံခြုံရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ရမည့် အစီအမံများ ဆောင်ရွက်ထားရှိရန်၊ Grad-5၊ Grade-9 စာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးနှင့်ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မင်းလှမြို့နယ်နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးသူက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)