ဇီးကုန်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ဇီးကုန်း ဖေဖော်ဝါရီ ၁

ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦး ခေါင်းဆောင်သောတပ်ဖွဲ့ဝင်များသည် ယမန်နေ့က မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား သရုပ်ပြပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စျေးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦးများ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ စက်ရုံအလုပ်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများသို့ မီးဘေးစစ်ဆေးဆောင်ရွက်ခြင်းအား အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)