ဖားဆောင်း အောက်တိုဘာ ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များ၊ နိုင်ငံ့ဝန်ထမ်း မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီ အချိန်က စတင်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးတွင် ဆောင်ရွက်ထားရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများက ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များအနက် အသက်(၆၀)နှစ်နှင့် အထက်ရှိသူ သက်ကြီးဘိုးဘွားများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်နိုင်ငံဝန်ထမ်းများအနေဖြင့် မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် အခက်အခဲမရှိ အဆင်ပြေစွာ ပါဝင်မဲပေးနိုင်ရေးအတွက် အောက်တိုဘာလ(၂၉) ရက်နေ့မှစ၍ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ထိုသို့ကြိုတင် ဆန္ဒမဲ ပေးရာတွင် မဲရုံသို့လာရောက်မဲပေးရန် အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ ၊ နာမကျန်းသူများ၊မီး ဖွားသူများနှင့်ကိုယ်လက်အင်္ဂါမသန်စွမ်းသူများကို နိုဝင်ဘာလ(၆၊၇)ရက်နေ့များတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ မဲရုံအသီးသီးမှ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာလဖြစ်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်အတွင်းတွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုရှိပြီး၊ မဲရုံ (၁၇)ရုံထားရှိသွားမည်ဖြစ်ကာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၁၆၉၁၂ )ဦးခန့်ရှိပြီး ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သူ ( ၁၂၅၅ ) ဦးခန့်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)