ပေါင်းတည်၌ စိုက်ပျိုးရေရရှိမှုနှင့် ထွန်ယက်စိုက်ပျိုးနိုင်မည့်အခြေအနေ ကွင်းဆင်းကြည့်ရှု

ပေါင်းတည် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး နွေစပါးစိုက်ပျိုးမည့် စိုက်ကွင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် စိုက်ကွင်းများအတွင်း ဆည်ရေရောက်ရှိရရှိမှုအခြေအနေနှင့် ထွက်ယက်စိုက်ပျိုးမည့် စိုက်ပျိုးမြေအခြေအနေများကို လှည့်လည်ကြည့်ရှုကြပြီး၊ Drum Seeder အစေ့ချကရိယာဖြင့် စိုက်ပျိုးမှုနှင့် ကောက်စိုက်သမများဖြင့်စိုက်ပျိုးမှုကို တောင်သူပညာပေးသရုပ်ပြသမည့် စိုက်ကွင်းများကို ရွေးချယ်သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့အား​ မြို့နယ်ရုံးခန်းမ၌ တွေ့ဆုံကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နွေစပါးစိုက်ပျိုးမည့်အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)