မြဝတီ ဖေဖော်ဝါရီ ၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ အပြင်မဲကနယ်၊ ဖလူးကျေးရွာအုပ်စုတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရပ်ကွက် စုရပ်ငါးခုဖြစ်သည့် ချမ်းမြေ့ကျောင်းတိုက်၊ စိန်ရောင်ခြည်ကျောင်းတိုက်၊ ဓမ္မံရန်အောင်ကျောင်းတိုက်၊ အပြင်မဲကနယ်မင်္ဂလာဦးကျောင်းတိုက်နှင့် မင်းလက်ပံကျေးရွာ ကျောင်းတိုက်တို့၌ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။
အဆိုပါပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို မြဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဉာဏ်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရပ်ကွက်တာဝန်ခံများမှတစ်ဆင့် အိမ်ထောင်စု ၂၄၃ စုမှ လူဦးရေ ၈၈၁ ဦးတို့အတွက် စုစုပေါင်းငွေကျပ် ၁၈၅၀၁၀၀ အားထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)