လပွတ္တာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

လပွတ္တာ ဇန်နဝါရီ ၃၁

ဧရာဝတီဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ အမှတ် (၄)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၄) ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်း လျှပ်စစ်မီး၊ မီးဖိုသုံးစွဲဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးခပ်၊ သဲပုံး၊ ရေပုံးများ အရန်သင့်ထားရှိစေရေးနှင့် မီးသတိ၊ မီးအသိရှိစွာဖြင့် စနစ်တကျ သုံးစွဲဆောင်ရွက်သွားရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးဆွေးနွေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီး ကျန်ရှိသော မြို့ပေါ်ရပ်ကွက်များအတွင်း အလှည့်ကျ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)