ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း မြို့နယ်များတွင် ဧရာဝတီဒေါက်တာ နယ်လှည့်ဆေးကုသရေးရေယာဉ်ဖြင့် အခမဲ့ဆေးဝါးကုသပေးမည်

ဘိုကလေး ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နတ်ချောင်းတံတားအနီးတွင် အခြေစိုက်ဖွင့်လှစ်ထားသော ဧရာဝတီဒေါက်တာ နယ်လှည့်ဆေးကုသရေးအဖွဲ့အနေဖြင့် ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာများသို့ နယ်လှည့်ဆေးကုသရေးရေယာဉ်ဖြင့် သွားရောက်ကာ အထွေထွေရောဂါများအား အခမဲ့ဆေးဝါးကုသပေးသွားမည်ဖြစ်သည်။

ဆေးကုသပေးရာတွင် ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ဖေဖော်ဝါရီလကုန်အထိ ဆက်တိုက် နယ်လှည့်ဆေးကုသပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၁) ရက်မှ (၂) ရက်ထိ ဖျာပုံမြို့နယ်၊ကျောက်ရဲ ကျေးရွာတွင်လည်းကောင်း၊ ဖေဖော်ဝါရီ (၄)ရက်မှ (၇)ရက်နေ့အထိ ဘိုကလေးမြို့နယ်မှကွန်ပင်၊ အကော်၊ ရုပ်ဆိုင်ကျေးရွာများတွင်လည်းကောင်း၊ ဖေဖော်ဝါရီ (၈) ရက်မှ (၉) ရက်နေ့တို့တွင် ဖျာပုံမြို့နယ်မှ ငှက်တော်နှင့် ခနောင်ကျေးရွာတို့တွင်လည်းကောင်း၊ ဖေဖော်ဝါ (၁၁) မှ (၁၃) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်ရှိလှည်းဆိပ်နှင့် သာယာကုန်းကျေးရွာတို့တွင်လည်းကောင်း၊ ဖေဖော်ဝါရီ (၁၅) မှ (၂၅)ရက်နေ့အထိ ဘိုကလေးမြို့နယ်ရှိ ဟေမာန်၊ ဒရယ်ဖြူ၊ ဗြူးစခန်း၊ ပက်ပြဲ၊ဆတ်ကျွန်းနှင့် ငခူချောင်းကျေးရွာတို့တွင် ဆေးကုသရေယာဉ် ဆိုက်ကပ်ရပ်နား၍ ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)