ကော့သောင်း ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(ခွဲ) အ.လ.က(၂) ရွှေမင်းဝံကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ယနေ့ခေတ်လူငယ်နှင့် (Social media)အကြောင်း၊ အသိပညာဗဟုသုတများ တိုးပွား၍ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူငယ်များဖြစ်လာစေရန် စာဖတ်သည့်အလေ့အကျင့်များပျိုးထောင်ရန်နှင့် လူငယ်ရေးရာသိသင့်သိထိုက်သည့် ဗဟုသုတ အကြောင်းအရာများ ဟောပြောခဲ့ပြီး လူငယ်များအနေဖြင့် နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မည့် သားကောင်းရတနာများဖြစ်လာစေရန် “စာအုပ်စာပေလူ့မိတ်ဆွေ”ဟူသည့်အတိုင်း အကျိုးရှိသော စာကောင်းပေမွန်များ ဖတ်ရှုကြရန်တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးနိုင်ကျော်ဝင်းက လူငယ်များအနေနှင့် အသက်အရွယ်အလိုက်ကစားသင့်သည့် အားကစားများ၊ နည်းမှန်စနစ်မှန်ကစားရန် လိုအပ်သည့်အချက်များ၊ နွေရာသီကျောင်းပိတ်ရက်အတွင်းဖွင့်လှစ်ပို့ချသွားမည့် အားကစားသင်တန်းများ အကြောင်းအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များသိသင့်သိထိုက်သည့်အသိ ပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)