နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒိုင်အဖွဲ့ဝင်ဆရာမ ဒေါ်လှိုင်လှိုင်ဦးက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား ပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ရန်အောင်မြင်) ကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား/သူလေးများမှ “ပြည်ထောင်စုနေ့စဉ်မမေ့” ကဗျာဖြင့်လည်းကောင်း၊ “ပြည်ထောင်စုနေ့မမေ့သင့်” ကဗျာဖြင့်လည်းကောင်း၊ “ပြည်ထောင်စုနေ့တို့မမေ့” ကဗျာဖြင့်လည်းကောင်း၊ “ပြည်ထောင်စုနေ့” ကဗျာဖြင့်လည်းကောင်း၊ “တို့ပြည်ထောင်စု” ကဗျာဖြင့်လည်းကောင်း ကျောင်းသား/သူစုစုပေါင်း (၁၅)ဦး အသီးသီးဝင်းရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား/သူများအား ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း