ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များဖြစ်သည့် အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ အသင့်ထားရှိရန်၊ မီးဖိုအား မီးမလောင်လွယ်သော သွပ်ပြား၊ သံပြား၊ အုတ် စသည်တို့ဖြင့် စနစ်တကျ ခင်း၍အသုံးပြုရန်၊ မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲရှိရန်နှင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများ မထားရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးများအား မီးကိုအသုံးမပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ အသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံခွက်များ အသုံးပြုရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေးမြည့်နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသစ်လှဲလှယ် အသုံးပြုရန်စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံစွာ အဆင်သင့်တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)