စေတုတ္တရာမြို့နယ်တွင် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

 စေတုတ္တရာ အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ စည်းရုံးရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက် ကြရန်နှင့် လူဦးရေ (၅၀)ထက် ပိုမစုဝေးရေးတို့ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က ရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအနေဖြင့် မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေလိုကြောင်း ဖြည့်စွက်ပြောကြားသည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ(၆၉)ရုံဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း (၃၄၆၅၁) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)