မင်းဘူးမြို့၌ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်း ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် လူတို့၏ ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွာစေရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် လူနေအိမ် အဆောက်အဦများတွင် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေပုံး၊ လှေကားများနှင့် မီးသတ်ဆေးဗူးများ အရန်သင့်ထားရှိရေး၊ အရေးပေါ်ရေများ အရန်သင့်စုဆောင်းထားရှိရေးနှင့် ခရိုင်/မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်စေရေး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအနီးတွင် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ ရေနံဆီမီးခွက်များနှင့် မီးလောင်တတ်စေသော ပစ္စည်များ ထားရှိခြင်းမပြုလုပ်ရန် စသည်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်တင်းဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့သည်။

ထို့နောက် ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်စက်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် လူစည်ကားရာနေရာများတွင် မီးသတ်ဦးစီးဌာနက ထုတ်ဝေသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)