ကျိုက်လတ် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးဇော်ထက်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ လိုက်ပါလျက် နေအိမ်များအတွင်း မီးလောင်နိုင်သည့် လောင်စာဆီများ သိုလှောင်ခြင်းမရှိစေရေး၊ လက်ရှိ အသုံးပြုထားသည့် လျှပ်စစ်မီးကြိုးဟောင်းများ၊ မိန်းခလုတ်ခုံများ၊ ဆွေးမြေ့ပျက်စီးနေသော လျှပ်စစ် ပစ္စည်းများအသုံးမပြုရန်၊ မီးသွေးမီးဖို၊ ထင်းမီးဖိုများ၌ အသုံးပြုပြီးသည်နှင့် စနစ်တကျ ငြိမ်းသတ်ထားရန် အိမ်တိုင်း၌ အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ် များ၊ ရေကန်များ၊ ရေစည်များ၌ ရေအသင့်ဆောင်ထားကြရန်နှင့် မီးဘေးအန္တရာယ်ကြုံလာပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးနိုင်ရန်အတွက် အရေးပေါ်ဖုန်းနံပါတ်များကို အိမ်တိုင်း မြင်သာသည့်နေရာများ၌ ချိတ်ဆွဲထားရန်၊ မီးဘေးလုံခြုံရေး သတိပေးခြင်းများကို အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
လှိုင်မင်းအောင်