ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး ကြိုတင် ဆန္ဒမဲပေး

လက်ပံတန်း အောက်တိုဘာ ၃၀

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်ဇနီး ဒေါ်သန်းသန်းအေးတို့က လက်ပံတန်းမြို့နယ် မအူကုန်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး ကြပြီ ဆန္ဒမဲလက်မှတ်များကို ဆန္ဒပြုခန်း၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းခဲ့ကြသည်။

လက်ပံတန်းမြို့နယ်တွင် လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု(၅၃) အုပ်စုရှိပြီး မဲရုံပေါင်း (၁၇၆) ရုံတွင် တိုင်းရင်းသားရေးရာ မဲရုံ (၇၅)ရုံနှင့် မဲရုံအဖွဲ့ဝင် (၂၃၁၆) ဦးဖြင့် အထွေထွေ‌ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၃၆၇၀၀) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်အတွက် မဲပေးခွင့်ရှိသူ(၅၀၅၇)ဦး၊ အသက်(၆၀) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူ (၂၁၄၈၂) ဦးခန့် ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဝင့်နန္ဒာဌေး(ပြန်/ဆက်)