ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျောင်းစုကျေးရွာတွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုကျေးရွာ ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် အဖွဲ့များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနေဇော်ထက်မှ ကျောင်းစုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကျောင်းစုကျေးရွာ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကွန်ကရစ် လမ်းသစ်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်သည် အရှည် ၄၆၀ ပေ၊ အကျယ် ၈ ပေ၊ ထုထည် ၆ လက်မရှိပြီး အဆိုပါကျေးရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)