ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေကြသည့် လူနာများနှင့် လူနာစောင့်များကို မီးဘေးအန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ဆေးရုံအတွင်း/အပြင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများ၊ အပေါ့စား မီးသတ်စက်များ၊ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ စသည့် မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ စနစ်တကျတပ်ဆင်ထားမှု ရှိ/မရှိ၊ အောက်စီဂျင်အိုးများ စနစ်တကျထားသိုမှု ရှိ/မရှိ၊ လျှပ်စစ်မီး စနစ်တကျ ရယူသုံးစွဲနေမှု ရှိ/မရှိ၊ အရေးပေါ်မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ရေတွင်း၊ ရေကန်များမှ ရေအဆင်သင့် ရယူသုံးစွဲနိုင်ရေး ကြိုတင်ပြင်ဆင်ထားမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်သတိပေးပိုစတာ ဆိုင်းဘုတ်များနှင့် အရေးပေါ်ဆက်သွယ်အကြောင်းကြားနိုင်မည့် ဖုန်းနံပါတ်များ ကြောငြာကပ်ထားမှု ရှိ/မရှိ အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ပခုက္ကူမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေးတို့အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များ၊ ဟိုတယ်မိုတယ်များ၊ စက်သုံးဆီအရောင်းဆိုင်များ၌ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၂၂ ရက်မှစတင်ပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)