ကန့်ဘလူ ဇန်နဝါရီ ၃၁
ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များရှိ မီးသတ်ရေလှောင်ကန်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေဖြည့်တင်းခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၄ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်ဝန်းကျင်တွင် အမှိုက်သရိုက်များမထားရှိရန်၊ လိုအပ်ပါက နေအိမ်အနီး ပေ ၅၀၊ ပေ ၁၀၀ မီးတားလမ်းများ ပြုလုပ်ထားရန်၊ ရပ်ကွက်နေအိမ်များအကြား အမှိုက်မီးရှို့ခြင်းမပြုလုပ်ရန်၊ ရပ်ကွက်အတွင်း တရားမဝင်လောင်စာဆီများ ရွှေ့ပြောင်းသယ်ယူခြင်း၊ သိုလှောင်ခြင်းမပြုလုပ်ရန်၊ ချက်ပြုတ်သုံးစွဲပြီးပါက မီးဖိုမီးကို စနစ်တကျငြှိမ်းသတ်ရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ၊ အသိပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)