သာယာဝတီ ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဖရဲစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးများ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း ကိုးပင်ရိုးကျေးရွာ ဖရဲစိုက်တောင်သူ ဦးတင်မောင်ဆန်းထံက သိရသည်။
သာယာဝတီမြို့နယ်တွင် ဖရဲစိုက်ပျိုးပျိုးခြင်းအား သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ခဲ့ပြီး စတင်ပျိုးထောင်ချိန်က အဝတ်စများဖြင့် ဖရဲပျိုးစေ့များအား အဝတ်စများထဲထည့်ကာ တစ်ပေပတ်လည်ကျင်းထဲသို့ မြေဆွေးဖြင့်ရေနှပ်ထားရကြောင်း၊ မြေနှင့်ရေနှပ်ထားပြီးနှစ်ရက်မြောက်နေ့ ပျိုးထောင်မည့်အိတ်ထဲသို့ ဖရဲစေ့အမြစ်ရှိသည့်ဘက်ကို အောက်ဘက်ပျိုးထောင်ထည့်ရကြောင်း၊ အိတ်ထဲသို့ထည့်ပြီး ပျိုးပင် ၂၀ ရက်သားခန့်ရှိလျှင် ဖရဲစိုက်မည့်အခင်းသို့ ရွှေ့စိုက်ပျိုးရကြောင်း၊ ရွှေ့မစိုက်ပျိုးခင် ရေမြောင်းစနစ်ဖြင့် မြောင်းကျယ်လုပ်ကာ ပလတ်စတစ်ရှည်ဖြင့်ရေတင်ကျန်မှုရှိစေရန် ရေသွင်းပေးထားကာ ဖရဲပင်ပေါက်များအား နှစ်ပေခြားဖြင့် မြောင်းဘောင်ပေါ်တွင် ပလတ်စတစ်အိတ်ဖောက်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၈ တစ်လခန့်ရှိလျှင် အပင်လက်ရင်းမှအပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အဆိုပါလက်ရင်းသီးအား ခူးဆွတ်ပြစ်မှသာ နောက်ထပ်သီးမည့်အသီးများ ပိုမိုသန်မာထွားကြိုင်းကြောင်း ဖရဲစိုက်တောင်သူဦးတင်မောင်ဆန်းပြောသည်။
ဖရဲစိုက်ပျိုးခြင်းကို သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရာအောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးလုံးသန်မာကြောင်း၊ ဖရဲစိုက်တောင်သူများသည် ရောင်းပန်းလှရန်အတွက် ဖရဲတစ်ညွှတ်မှအသီးသုံးလုံးသာယူပြီး အခြားအသီးလုံးများအား ခြွေပြစ်(ခူး)မှသာ ရောင်းတန်းဝင်အသီးများဖြစ်ပြီး ဈေးကွက်တွင်ရောင်းပန်းလှနိုင်ကြောင်း သာယာဝတီမြို့နယ်၊ ကိုးပင်ရိုးကျေးရွာမှ စီးပွားဖြစ်ဖရဲစိုက်တောင်သူ ဦးတင်မောင်ဆန်းက ရှင်းပြသည်။
စိုက်ပျိုးမည့်ဖရဲမျိုးစေ့များကို သာယာဝတီမြို့နယ်မှသာ ဝယ်ယူကာ ဂျပန်ဖရဲမျိုးအား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ပျိုးစေ့တစ်ထုပ် အစေ့ ၄၀၀ ပါပြီး တစ်ထုပ် ၂၅၀၀၀ ကျပ်ပေးဝယ်ရကြောင်း၊ ဖရဲယခုစိုက်ပျိုးရာအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချနေပြီဖြစ်ရာ ဖရဲပွဲစားများဈေးနှိမ်ဝယ်ယူခြင်းကြောင့် စိုက်ပျိုးသူများကိုယ်တိုင် လက်ပံတန်းမြို့၊ ဇီးဖြူကုန်းကျေးရွာ အနီးတစ်ဝိုက်တွင် တောင်သူများကိုယ်တိုင်ရောင်းချခြင်းဖြင့် ဖရဲစားသုံးသူများ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)