မြို့သစ် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မြို့သစ်မြို့နယ် အ.ထ.က (၁)ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလင်းက ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုထွေးက ဥပဒေဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်တို့က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်သည့် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများကို အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပြီး ကျောင်းသား၊ ကျောင်းသူများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)